ကော်ဖီရဲ့ မူရင်းအရသာအတိုင်း အဆီအနှစ်တွေချည်း ပါဝင်နေတာကြောင့် ကော်ဖီ အရသာပြင်းပြင်း (ခါးခါး) ကြိုက်နှစ်သက်တဲ့သူတွေအတွက် သင့်တော်တဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။ မီးရှိန်ပြင်းပြင်းနဲ့ လှော်ရတဲ့ ကော်ဖီ အမျိုးအစားဖြစ်ပြီး ကော်ဖီရဲ့ အနံ့၊ အရသာ အစစ်အမှန်ကို ရရှိစေမှာ ဖြစ်ပါတယ်။
အက်စ်ပရက်ဆိုကော်ဖီနဲ့ ရေနွေးနဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီအမျိုးအစားပဲ ဖြစ်ပါတယ်။ ကော်ဖီခါးခါး ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ အမေရိကာနိုဟာ ရေနွေး အနည်းငယ်ပိုထည့်ရပြီး အက်စ်ပရက်ဆိုကော်ဖီလောက် မခါးတဲ့ အရသာ ရှိပါတယ်။
ကော်ဖီသောက်တဲ့ သူတွေကြားမှာ လူကြိုက်များတဲ့ ကော်ဖီအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နွားနို့ပူပူနဲ့ ကော်ဖီကို ဖျော်စပ်ထားတဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။ ကော်ဖီရဲ့ အပေါ်ယံမျက်နှာပြင်မှာတော့ အမြှပ်ခပ်ပါးပါးလေး ရှိပါတယ်။ ခါးစိမ့်စိမ့် အရသာကြိုက်နှစ်သက်တဲ့ သူတွေအတွက် သင့်တော်တဲ့ ကော်ဖီအမျိုးအစားဖြစ်ပါတယ်။
ကမ္ဘာမှာ လူကြိုက်အများဆုံး ကော်ဖီအမျိုးအစားလို့ ပြောလို့ရပါတယ်။ ဒီကော်ဖီမှာ ကိတ်မုန့်တစ်ခုလိုမျိုး အလွှာ ၃ လွှာပါဝင်ပါတယ်။ ကော်ဖီထဲမှာဆိုရင် အက်စ်ပရက်ဆိုကော်ဖီ၊ နွားနို့ နှင့် နို့ရဲ့ခရင်မ်အမြှပ် ဆိုပြီး အလွှာ ၃ လွှာပါဝင်ပါတယ်။ ကော်ဖီမျက်နှာပြင်မှာတော့ ဒီဇိုင်းပုံလှလှလေးတွေ ဖော်ပြီး အလှဆင်တာမျိုးတွေလည်း ရှိပါတယ်။
ချောကလက်အမှုန့်နဲ့ ကော်ဖီကို ရောစပ်ထားတဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင်မှာတော့ ခရင်အမြှပ်လေးတွေ ပါဝင်ပါတယ်။ မိုခါးဟာဆိုရင် ကလေးတွေ ကြိုက်နှစ်သက်တဲ့ ချောကလက် အရည်ပူပူနဲ့ လူကြီးတွေ ကြိုက်နှစ်သက်တဲ့ လာ့တီး ကော်ဖီတို့ကို ရောစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ ချိုဆိမ့်ဆိမ့် အရသာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သင့်တော်တဲ့ ကော်ဖီ အမျိုးအစား ဖြစ်ပါတယ်။
အိုင်းရစ်ရှ် ကော်ဖီကတော့ ထူးခြားပါတယ်။ သူ့ထဲမှာ ဆိုရင် ဘလက်ခ်ကော်ဖီ၊ သကြား၊ ဝီစကီ စသည်တို့ ရောစပ်ထားပြီး အပေါ်ယံ မျက်နှာပြင်မှာလည်း ခရင်မ် ပါဝင်ပါတယ်။ အိုင်းရစ်ရှ်ကော်ဖီကိုတော့ အမျိုးသားတွေ ပိုပြီးကြိုက်နှစ်သက်ကြပါတယ်။ ဆောင်းရာသီလို အေးတဲ့အချိန်မှာ သောက်ရင် ပိုသင့်တော်တဲ့ ကော်ဖီအမျိုးအစားပါ။
ဘလက် ကော်ဖီကတော့ ရိုးရှင်းပါတယ်။ သကြား၊ နွားနို့၊ ခရင်မ် စတာတွေ မပါပဲ ရေနွေးနဲ့ ကော်ဖီ ရောစပ်ထားတဲ့ ကော်ဖီ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ကယ်လိုရီ၊ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုနည်းတဲ့ သောက်စရာတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ ဘလက်ကော်ဖီဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။
ကော်ဖီကို လူအများက ကျန်းမာရေးဓါတ်စာတစ်ခုအနေနဲ့ သုံးဆောင်လေ့မရှိကြပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ အနံ့၊ စွဲမက်ဖွယ်အရသာတွေကြောင့် နာမည်ကျော်ကြား လူကြိုက်များပြီး ခုံမင်စွာသောက်သုံးတတ်ကြပါတယ်။
သင်ဟာ ကော်ဖီကို ကြိုက်နှစ်သက်သူ ဒါမှမဟုတ် ကော်ဖီကို နေ့စဉ်သောက်သုံးနေတဲ့ သူဆိုရင်တော့ ကော်ဖီရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးလေးတွေကို သိထားသင့်ပါတယ်နော်။
ကော်ဖီက ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမာဏကို မြှင့်တင်ပေးပါတယ်။ ကော်ဖီမှာ ပါတဲ့ ကဖိန်းဓာတ်ကို သွေးထဲသို့ စုပ်ယူပြီး ဦးဏှောက်ကို ကဖိန်းဓာတ်ရောက်တဲ့အခါ inhibitory neurotransmitter တွေကို တားဆီးပြီးတော့ ဦးဏှောက်ရဲ့ လုပ်ဆောင်ချက်တွေကို တက်ကြွလာစေတာဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ကဖိန်းဓာတ်က ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်နှုန်း (metabolic rate)ကို 3-11 % လောက်ထိ မြှင့်တင်ပေးပြီး အဆီပိုတွေ လောင်ကျွမ်းမှုကို အားပေးပါတယ်။ အဝလွန်နေတဲ့ လူတွေမှာဆို 10% လောက်ထိ အဆီလောင်ကျွမ်းမှုကို တိုးမြှင့်ပေးပြီး ၊ lean people (ကြွက်သားတောင့်တင်းတဲ့လူ)တွေမှာဆို 29% ထိ တိုးမြှင့်ပေးပါတယ်။
ကဖိန်းဓာတ်က adrenaline ပမာဏကိုများစေပြီး အဆီပြိုကွဲမှုတွေကို အားပေးကာ ရလာတဲ့ free fatty acids တွေကို စွမ်းအင်အနေနဲ့ အသုံးချပြီး ကိုယ်ခန္ဓာရဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် gym မသွားခင် နာရီဝက်ခန့်အလိုမှာ coffee လေးတစ်ခွက်လောက် သောက်သွားနိုင်ပါတယ်။
ကော်ဖီဟာ အသည်းရောဂါတွေကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း ဖြစ်စေနိုင်မှုကို လျော့ချပေးပါတယ်။